ဆီးသွားများတာက ဘာကြောင့်များလဲ
ဆီးခဏခဏ သွားနေရပြီဆိုရင်တော့ ဒီနောက်ကွယ်မှာ အကြောင်းအရင်း တစ်ခုခု ရှိနေတာ အသေအချာပါ။ ဆီးသွားများတယ်ဆိုတာက ပုံမှန်ထက် ဆီးသွားတဲ့ အကြိမ်ရေ တိုးလာတာ၊ မကြာခဏဆိုသလို ဆီးသွားနေရတာမျိုးကို ဆိုလိုချင်တာပါ။ ဒီအခြေအနေက ဆီးအိမ်ကို မသက်မသာ ဖြစ်စေပါတယ်။
ဆီးသွားများရတာက ဆီးလမ်းကြောင်းမှာ ရောဂါ တစ်ခုခု ရှိနေတာကြောင့် ဖြစ်နိုင်သလို ကျောက်ကပ် ထိခိုက်နေတာ၊ ဆီးပို့ပြွန့်မှာ ပြဿနာ ရှိတာ၊ ဆီးစွန့်ပြွန်မှာ ပြဿနာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ရာသီဥတုပူလို့ ရေအများကြီး သောက်မိတာ၊ အုန်းစိမ်းရည်လိုမျိုး ဆီးရွှင်စေနိုင်တဲ့ အရည်သောက်မိတာ၊ ကဖင်းများများ သောက်မိတာ၊ အရက်၊ ဘီယာ စတာတွေကို သောက်မိတာကြောင့် ဆီးခဏခဏ သွားနိုင်သလို ဖရဲသီး၊ သခွားသီးတို့လိုမျိုး အရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားမိတာကြောင့်လည်း ဆီးသွားများတာမျိုး ရှိနိုင်ပါတယ်။
ဆီးသွားများစေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေကတော့
- ဆီးလမ်းကြောင်း ဒါမှမဟုတ် ဆီးအိမ်ကို ပိုးဝင်တာ
- ဆီးအိမ် ထိခိုက်မိတာ
- ကြွက်သား၊ အာရုံကြော နဲ့ တစ်ရှူး ပြောင်းလဲမှုတွေက ဆီးအိမ်ရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေတယ
- ဆေးဝါးတွေကြောင့် ဆီးသွားများတာ
- အဖျော်ယမကာတွေ သောက်သုံးမှုကြောင့် ဆီးသွားများတာတွေကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေတွေကို ခံစားရချိန်မှာ ဆီးသွားရင် နာကျင်တာ၊ ဆီးမထိန်းနို်ငတာ၊ ဆီးသွားရခက်တာ၊ ဆီးအိမ်က ဆီးမထိန်းနိုင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဆီးအရောင်ပြောင်းတာ၊ အနံ့ပြင်းတာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။
ကျန်းမာရေး ပြဿနာတွေအနေနဲ့ ဆီးသွားများစေနိုင်တဲ့ အခြေအနေတွေကတော့
- စိုးရိမ်စိတ်လွန်ကဲတာ
- ဆီးကျိတ်ရောင်တာ
- မိန်းမကိုယ်အတွင်းပိုင်းထဲကု ဆီးအိမ် ကျလာတာ
- ဆီးကျောက်တည်တာ
- ကျောက်ကပ် လုပ်ဆောင်ပုံပြောင်းလဲတာ
- ဆီးဆေး သောက်နေရတာ
- ဆီးအိမ်နာကျင်တာ
- ကျောက်ကပ်ပိုးဝင်တာ
- ဆီးအိမ်က ထိခိုက်လွယ်နေတာ
- ပိုးဝင်တာကြောင့် ဆီးကျိတ် ကြီးတာ
- ဓာတ်ရောင်ခြည်ကုထုံး ခံယူထားတာ
- အမျိုးအစား -၁ ဆီးချို
- အမျိုးအစား -၂ ဆီးချို
- ဆီးပို့ပြွန် ကျဉ်းတာ
- ကိုယ်ဝန်ရှိတာ
- ဆီးမထိန်းနိုင်တာ
- ဆီးလမ်းကြောင်းပိုးဝင်တာ
- မိန်းမကိုယ်ရောင်ရမ်းတာတွေကြောင့်လည်း ဆီးသွားများတာမျိုး ရှိနိုင်ပါတယ်။
မွန်မွန်